(၁)
ပိတောက်..။
ပိတောက်ဆိုတာမျိုးက တနှစ်လျှင်တခါသာ ပွင့်သည်။ ပွင့်ပြီးလျှင်ဝေသည်။ ဝေလျှင်လည်း ခဏပါပဲ။ နောက်ဆုံး ကြွေရတာပဲမလား။ ပိတောက်နှင့်ပက်သတ်ပြီး သူ့ခံစားချက်တို့ကလည်း ထိုသို့နှယ်ပင်။ဟိုးတချိန်တုန်းကတော့ သူ့နှလုံးသားတွင် ပိတောက်တ်ု့ ဖူးပွင့်ခဲ့ဖူးသည်။ ဝေဆာခဲ့ဖူးသည်။ နောက်ဆုံးကျပြန်တော့ ပိတောက်ကတော့ ပိတောက်ပါပင်။ ပိတောက်နှင့်ပက်သတ်ပြီး ဘဝတွင် နင့်နင့်သီးသီး ခံစားခဲ့ရသည့် လူငယ်လေးတယောက်ရှိခဲ့ဖူးပါသည်။ သူ့နာမည်က သွန်းခတဲ့။
(၂)
အဲဒီအချိန်ကတော့ သွန်းခဆိုတာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း(ခ)တက်နေဆဲကျောင်းသားလေးတဦးပါ။ စာမေးပွဲတိုင်းလိုလို နှစ်စဉ် အောင်ဖို့ပင် မနည်းကြိုးစားနေရသူ။ အတန်းစာမေးပွဲတွင် ဘယ်တော့မှရှောရှောရှုရှုမဖြစ်ဘဲ နောက်တကြိမ်ထပ်ဖြေမှအမြဲအောင်တတ်သည်မို့ မိဘတွေ အမြဲစိတ်ပူရသည့်သားတယောက်၊ ထိုအချိန်တွင်ပင် ပိတောက်ငြိမ်ဆိုသည့် မိန်းကလေးတယောက်က သူ့ဘဝထဲ ဝင်ရောက်လာခဲ့သည်။
"သွန်းခ ဆိုတာ မင်းလား"
"ဟုတ်ပါတယ်"
တိုက်ခန်း အဝင်ဝတံခါဝးမှ ထွက်ပေါ်လာသည့် ကြည်လင်အေးမြသောအသံကြောင့် အံ့အားသင့်သွားမိသည်။ ထို့ထက်ပို၍ အံ့သြစေသည့်အရာက ဒီမိန်းမလှကလေးကို သူမသိပါဘဲ သူ့နာမည်ကို တပ်အပ်ခေါ်လိုက်ခြင်းပါ။
"တို့ဒီကိုလာခဲ့တာ ဘာ့ကြောင့်လဲ မင်းသိပြီးဖြစ်မှာပေါ့"
"ဗျာ"
ဒုတိယံမိအံအားသင့်သွားပြန်သည်။ တကြိမ်တခါမှ မတွေ့မဆုံဘူးသည့်မိန်းကလေးက သူ့နာမည်ခေါ်နေသည့်အပြင် သိနှင့်နေပြီးဖြစ်မှာပေါ့ပြောလိုက်သဖြင့် နညိးနည်းတော့ကြောင်အသွားမိသည်။ သို့သော် ကိုင်လာသော ဖိုင်တွဲတွင် ဒေါက်တာ ပိတောက်ငြိမ်ဆိုသော စာတမ်းလေးကိုတွေ့လိုက်တော့ အဖြေတခု ချက်ချင်းရလိုက်သည်။
"မမက ဖေဖေ့မိတ်ဆွေ အန်ကယ်ဦးအောင်ကျော်ရဲ့ သမီး ဒေါက်တာ ဒေါ်ပိတောက်ငြိမ်ဆိုတာလား"
မိန်းကလေးက မရယ်မပြုံးခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ ဒါပေမယ့် ဒေါ်တပ်ခေါ်ရလောက် အောင်မကြီးသေးဘူးထင်တယ်။မင်းကို စာသင်ပေးဖို့ တို့ကို လွှတ်လိုက်တာ"
အသက်အရွယ်နှင့်မလိုက်အောင် တည်ငြိမ်ရင့်ကျက်စွာပြောနေသော သူ့မျက်နှာက ပကတိငြိမ်သက်လျက်။ တဆက်တည်းမှာပင် ဗမာဆန်ဆန်ရင်ဖုံးကို အထက်အောက် ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားပုံကိုမြင်ရုံနှင့် ပတ်ဝန်းကျင်တွင် အမြဲမြင်တွေ့နေကျ မိန်းကလေးတို့ထက် သာလွန်ထူးခြားနေသည်ဟု သာသာထိုးထိုးလေး မှတ်ချက်ချမိသည်၊ မည်သို့ပင်ဖြစ်ပါစေ။ ကိုယ့်ထက် သုံးလေးနှစ်ခန့်သာကြီးမည့် မိန်းလေးတယောက်က ကိုယ့်ကို ဂိုက်သင်မှာပါလားဆိုသည့် အသိက တော်တော်ကို့ယို့ကားယားနိုင်လွန်းသည့်အဖြစ်ဟု ထင်ဖြစ်အောင် ထင်လိုက်မိသေးသည်။
(၃)
"တော်တော်ချောတာပဲကွ"
"ဘာလဲ"
စာကျက်နေရင်း ခေါင်းမော့မေးလိုက်တော့ ကျော်စွာက မေးငေါ့ပြသည်။
"ဟိုမှာ ထိုင်နေတဲ့ မင်းမမငြိမ်ကိုပြောတာလေ"
သူတို့စာကျက်နေသည့် မလှမ်းမကမ်းတွင် မိမိက မမငြိမ်ဟုခေါ်သည့် ပိတောက်ငြိမ်တယောက် သူတို့စာကျကိနေသည်ကို စောင့်ရင်းမှ ဘွဲ့လွန် စာမေးပွဲဖြေဖို့ စာအုပ်ထူကြီးတအုပ်ကို သည်းကြီးမည်းကြီးဖတ်နေသည်။ တကယ်တော့ ယောကျာ်းလေးတယောက်တည်း ရှိသော တိုက်ခန်းတခုတွင် နှစ်ယောက်တည်းစာသင်ရတာ မသင့်တော်ပါဘူးဟူသော အကြောင်းပြချက်နှင့်ပင် သူနှင့်ဆိုးဖော်ဆိုးဖက် သူငယ်ချင်းဖြစ်သူ ကျော်စွာကို မရမက ခေါ်ထားခြငိးဖြစ်သည်။ တိုက်ခန်းမှာ နေဖြစ်တာကတော့ အိမ်မှာစာကျက်လို့မရဘူးဟုသော အကြောင်းပြချက်ကြောင့်ပင်။ အစကတော့ စိတ်မပါသလို ပြောခဲ့သော ကျော်စွာတယောက် မမငြိမ်နှင့် တွေလိုက်ရပြီးနောက်ပိုင်း "ငါ မင်းနဲ့စာလာသင်တော့မယ်ကွာ"ဟု လိုလိုလားလား ပြောခဲ့ရသည်ထိပင်။ အခုဆို မမငြိမ်နှင့်ဂိုက်သင်နေရတာ သုံးလပင် ပြည့်တော့မယ်။
"ချောသလောက် မာနလည်းကြီးတယ်၊ ငါတို့ကို စကားသိပ်ပြောတာမဟုတ်ဘူး"
"မာနကြီးတာတော့ ဟုတ်ဟန်မတူဘူး၊ ခပ်တည်တည်နေတတ်တာပါ။ စကားကိုလည်း လိုမှပြောတာ မင်းလည်းသိသားနဲ့ "
"တော်စမ်းပါ ကျော်စွာရာ၊ မာနကြီးတာနဲ့ ခပ်တည်တည်နေတာ အသိသာကြီး၊ စာသင်ပေးတာပဲ သုံးလရှိတော့မယ်။ အခုထိ သူ့မျက်နှာက ပြုံးရယ်နေတာ မင်းတွေ့ဖူးလား၊ တကယ်ဆို ငါသင်ခိုင်းတာလည်း မဟုတ်ဘူး၊ ဖေဖေတို့အကူညီတောင်းလို့ လာသင်ပေးတာဆိုပြီး အကြောကြီးနဲ့။ ငါတော့ သိပ်ကြည့်မရဘူးကွာ"
"အဲလိုလည်း မဟုတ်သေးဘူးလေကွာ၊ သူ့ဘာသာဘယ်လိုနေနေ စာရှင်းပြတဲ့အခါ တကယ့်စိတ်ရှည်လက်ရှည်ရှင်းပြတာ မင်းအသိပဲလေ"
ဒီစကားကိုတော့ သွန်းခဖက်က ဖြေရှင်းစရာမရှိပါ။အမှန်တော့ သွန်းခစိတ်ထဲ အမြင်ကပ်တာထက် ရင်းရင်းနှီးနှီးဆက်ဆံစေချင်တာပါ။ စာသင်ပေးသည့်ကာလအတွင်း ရယ်ရယ်မောမော တကြိမ်တခါမှမပြောတတ်သည့် မမငြိမ်ကိုကြည့်ရင်း အားမလိုအားမရဖြစ်ခဲ့မိတာ။ ဆရာတပည့်ဖြစ်လာကြသည့်နောက် ဒီလောက်ထိ အေးစက်မနေသင့်ဟုထင်သည်။
တခါတရံ အမြင်ကပ်ကပ်နှင့် ရေခဲတုံးကြီးပါကွာဟု ရွဲ့ပြောမိတော့ ကျော်စွာကရယ်သည်။
"နောက်မှ ရေခဲတုံးကြီးမရှိရင် မဖြစ်ပါဘူးမလုပ်နဲ့နော်"
"တော်စမ်းပါကွာ၊ မာနကြီးတဲ့မိန်းကလေးတွေကိုစိတ်မဝင်စားပါဘူး"
ကျော်စွာကတော့ ပြောထားနှင့်ဦးပေါ့ကွာဆိုသည့်ပုံစံမျိုးနှင့် ကြည့်သည်။သွန်းခမမြင်ချငိယောင်ဆောင်နေ လိုက်ရသည်။
(၄)
သင်္ကြန်ကျောင်းပိတ်ရက်။
ထိုတရက်က သင်္ကြန်ကို သူငယ်ချင်းတစုနှင့် လျှောက်လည်ဖြစ်သည်။
"ဟေ့ကောင် ဟိုမှာ မမငြိမ်မလား"
လှမ်းကြည့်လိုက်တော့ အနက်ရောင်တီရှပ်နှင့် ဆေးကျောင်းမန်းဏ္ဌပ်ပေါ်တွင် ထိုင်နေသော မမငြိမ်ကို တွေ့သည်။ နှလုံးခုန်သံရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ရေစက်ရေမှုန်များကြားမှ နုဖတ်ကြည်လင်နေသော မမငြိမ်မျက်နှာလေးကြည့်ပြီး နှလုံးသွေးကြောထဲ ပူနွေးလာပြီး အမျိုးအမည်မသိ လှုပ်ခပ်မှုလေးတခုကို ခံစားလိုက်မိသည်။
"သွန်းခ"
"ဘာလဲကွ"
"မင်းပဲစောစောက ချမ်းနေတယ်ဆို၊ မချတော့ဘူးလား"
သန်းဝင်းလှမ်းပေးသော အရက်ခွက်ကိုလှမ်းမယူပဲ ခေါင်းခါပြသည်။
"မလိုတော့ဘူးကွ၊ ငါ့ရင်တွေ အခုတော်တော် နွေးသွားပါပြီ"
ချက်ဆို နားကွက်က အလိုလိုမီးတောက်ပြီးသား ကျော်စွာက သူ့ကို မျက်စောင်းခဲသည်။
"ငါမမငြိမ်ကို ရေသွားလောင်းရင် ကောင်းမလား"
ကျော်စွာကိုတိုင်ပင်သလိုမေးသည်။
"ဟေ့ကောင် အခုချိန် မင်းသွားလောင်းလဲ စိတ်ဆိုးမှာ မဟုတ်ဘူး၊ ဒါသင်္ကြန်ကွ၊ အဲတခုတော့ရှိတယ်၊ မင်းဆီက အနံ့နည်းနည်းထွက်နေတယ်။ ရေမွှေးလေးဆွတ်ပြီး ကွမ်းနည်းနည်းဝါးလိုက်ကွာ၊အနံ့ပျောက်တာပေါ့"
သူငယ်ချင်းတွေမြှောက်ပေးမှုနှင့်အတူ မဏပ်ပေါ်တက်သွားမိသည်။
(၅)
"ဗွမ်း"
"ဟင်"
ရုတ်တရက် ရေလောင်းခံလိုက်ရသဖြင့် အံ့အားသင့်သွားမှုက ဖလားလေးကိုင်ရင်း ပြုံးကြည့်နေသော သွန်းခကို မြင်လိုက်သဖြင့် ဖြစ်ပေါ်လာသော အံ့အားသင့်စိတ်ကို မကျော်လွန်နိုင်။
"ခွင့်မတောင်းဘဲ ရေလောင်းလိုက်မိလို့ စိတ်မဆိုးလောက်ပါဘူးနော် မမ"
ကြည်နူးစိတ်ကြောင့် မမငြိမ်ဟု မခေါ်ဖြစ်ပဲ မမဟုသာ ခေါ်လိုက်သည်။ လေးကိုင်းသဏာန် လှပစွာကွေးညွတ် နေသော မမ၏မျက်ခုံးအစုံ အနည်းငယ်ပင့်သွားသည်။
"မင်း ဘယ်လိုလုပ်ရောက်လာတာလဲ"
"သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ၊ အဲဒါမမမြင်တော့ လောင်းချင်စိတ်ရှိလို့ လာလောင်းမိတာ၊ စိတ်မဆိုးဘူးမလား"
တကြိမ်တခါမှ မမြင်ဖူးခဲ့သော နှစ်ခြိုက်စွာပြုံးသည့် အပြုံးလေးတချက်ကို ရှားရှားပါးပါး လှစ်ခနဲလှမ်းမြင်လိုက်သည်။ နှလုံးသားက သိမ့်ခနဲ တုန်ခါသွားသည်။ အလို.. ချစ်စရာကောင်းတာ၊ ဖြစ်နိုင်ရင် အဲဒီလို အမြဲပြုံးထားပေးပါလားမမရယ်။
"စိတ်မဆိုးပါဘူး၊ သင်္ကြန်မှာ ရေလောင်းတာ ယဉ်ကျေးမှုပဲဥစ္စာ၊ ဒါပေမယ့် သင်္ကြန်ရဲ့ အလှတရားကို ပျက်ဆီးနိုင်တဲ့ အရက်သေစာသောက်စားတာတော့ မမသိပ်သဘောမကျဘူး သွန်းခ"
ဘုရားရေ..ငါအရက်သောက်ထားတာများ သူသိသွားလေရော့သလားဟူသော အတွေးနှင့် မမ မျက်နှာကို မရဲတရဲ လှမ်းကြည့်မိသည်။
"တကြိမ်တခါမှ ကွမ်းမစားဘူးတဲ့ မင်း ကွမ်းစားလာကတည်းက တခုခုမဟုတ်တာ လုပ်ထားတယ်ဆိုတာ တို့တွက်ပြီးသားပါ"
အကင်းပါးလှချည်လားမမရယ်၊ တခါတရံ အဲဒီလိုတွေးခေါ်တတ်တဲ့ ဦးနှောက်ကြောင့်ပဲ နှလုံးသားကိစ္စမှာ အားနည်းသွားခဲ့ရလေသလားဟု မဆီမဆိုင်တွေးလိုက်မိပြန်သညိ။
"မင်းသောက်တာ တို့ဘာမှမပြောချင်ပါဘူး၊ မင်းကိုယ်ပိုင်လွတ်လပ်ခွင့်လေ၊ တို့ကတော့ အရက်သောက်တဲ့သူတွေကို မနှစ်မြို့တာအမှန်ပဲ"
ပွင့်ပွင့်လင်းလင်းစကားကြောင့် ရင်ထဲအောင့်သက်သက်ဖြစ်သွားသည်။
(၆)
မဏပ်ပေါ်ကအဆင်း ကားပေါ်အရောက် သူငယ်ချင်းတွေက ခွက်ထိုးပေးသည်။
"ရော့ ချလေ"
"ဟင့်အင်း ငါမသောက်တော့ဘူး"
"ဘယ်လိုဖြစ်တာလဲ"
မန်းဒပ်ပေါ်မှ ပြန်လာပြီးကတည်းက တွေဝေငေးမှိုင်နေသော သူ့ကို စိတ်မရှည်သလိုမေးသည်။
"မမက အရက်သောက်တာ မကြိုက်ဘူးကွ"
သူငယ်ချင်းအားလုံး အဖြစ်မှန်ကို ရိပ်မိပြီး ဝိုင်းရယ်ကြသည်။ သူလည်း ရှက်ရှက်နှင့်ရောရယ်မိသည်။အဲဒီရက်ကစပြီး သူ့နှလုံးသားတွင် ပိတောက်တို့ စတင်ဖူးပွင့်ခဲ့သည်။
(၇)
ဒီထက်သေချာတာ ဘာမှမရှိနိုင်တော့ဟု ကိုယ့်ဘာသာ တဖက်သတ်သေချာနေခဲ့သောကိစ္စတခုကို ဖွင့်ပြောဖို့ ကိစ္စကတော့ အခုချိန်ထိ မရေရာသေး။ အမှန်တော့ သူ့ကို စွဲလန်းစွာ ချစ်ခဲ့မိပြီဆိုသော အသိတရားတခုက သူ့ဘဝအိပ်မက်တံခါးမှန်သမျှဖွင့်ပေးခဲ့တာပါ။ မမကျေးဇူးနဲ့ နောက်ဆုံးနှစ်အပိုင်း(ခ)ကို သူလွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ခဲ့ပါသည်။ ဖေဖေတို့က ပြုံးပျော်နေသလောက် မပြုံးနိုင်တာကသူပါ။ သူ မမက်ု စွဲစွဲလမ်းလမ်းချစ်နေခဲ့ပြီဆိုတာ သိပ်ကိုသေချာနေခဲ့ပြီလေ။
"ကွန်ကရက်ကျူလေးရှင်း သား"
ဖေဖေက လက်ဆွဲမနှုတ်ဆက်သဖူး သားဖြစ်သူကို လက်ဆွဲနှုတ်ဆက်သည်။
"ငါ့သားက နောက်ဆုံးနှစ်ကို ကျွတ်ကျွတ်လွတ်လွတ်အောင်သွားပြီဆိုတော့ မကြာခင် ဆရာဝန်တယောက်ဖြစ်တော့မယ်၊ မင်းအတွက် ငါသိပ်ဂုဏ်ယူတာပဲ"
ဒါကိုကြားတော့ ဘေးမှာ ထိုင်နေသော အမေလုပ်သူက မျက်စောင်းထိုးသည်။
"တော့်သားချည်းပဲ ဂုဏ်ပြုမနေနဲ့ဦး၊ ဒီလောက်ဆိုးတဲ့ သားကို လမ်းမှန်ရောက်အောင်၊အဖိုးတန်လူငယ်လေးတယောက်ဖြစ်အောင် ထိန်းကျောင်းပေးနိုင်တဲ့ ပိတောက်လေးကိုလည်း ဂုဏ်ပြုပါဦး"
အဖေကြီးက တချက်ပြုံးသည်။
"စိတ်မပူပါနဲ့ကွာ၊ သူ့အတွက် ဂုဏ်ပြုဖို့ စဉ်းစားပြီးသားပါ။ ဒီမယ်ကြည့်စမ်း"
အိတ်ထဲက အသည်းပုံကတ္တီပါ ဗူးနီကလေးကိုထုတ်ပြီး ဖွင့်ပြလိုက်တော့ ရွှေရောင်နှင့် ငွေရောင်စပ်ထားသော ဆွဲကြိုးသေးသေးလေးက လှပစွာထွက်ပေါ်လာသည်။
"စာမေးပွဲအောင်ကတည်းက သူ့အတွက် စဉ်းစားပြီး ဝယ်ထားခဲ့တာ၊မလှဘူးလား"
အမေလုပ်သူက ခေါင်းတဆတ်ဆတ်နှင့်သဘောကျနေသည်။
"ကဲ.. သား အခုပဲ မင်းဆရာမဆီ သွားပေးကွာ"
ဖေဖေက သူ့လက်ထဲ ထိုးထည့်ပေးသည်။ သွန်းခ ဆွဲကြုးလေးကိုကြည့်ရင်း ရင်အစုံကမလှုပ်ရှားစဖူး လှုပ်ရှားနေသည်။ ဒီဆွဲကြိုးလေးသာတွေ့ရင် မမတယောက် သ်ပ်ဝမ်းသာရှာမှာ။
(၈)
"မယူချင်ဘူး သွန်းခ"
"ယူပါမမရယ်၊ ဖေဖေတို့က မမအတွက် ဂုဏ်ပြုချင်လို့ တကူးတကဝယ်ထားတာပါ"
လက်ထဲဇွတ်ထည့်ပေးပေမယ့် မမကတော့ ခေါင်းခါမြဲပင်။
"မှားနေတဲ့ လူတယောက်ကို အမှန်ရောက်အောင် လုပိနိုင်တာ ဆရာတယောကိတည်း တော်လို့မဟုတ်ပါဘူး၊ တပည့်ဖြစ်သူကလည်း တော်နေဦးမှ၊ ဒီအောင်မြင်မှုက မင်းကြ်းစားလို့ရခဲ့တာပါ"
"ဘာပဲဖြစ်ဖြစ် ဖေဖေတို့ကရော မမက်ု အရမ်းကျေးဇူးတင်နေကြပါတယ်"
မမမျက်နှာတည်ကြည်လေးနက်သွားသည်။
"မင်းမမကို တကယ်ကျေးဇူးတင်တယ်ဆိုရင် ကတိတခုပေးပါလား"
"ဘာကတိပေးရမှာလဲ"
"ဆရာဝန်ဖြစ်ပြီးရင်လည်း မင်းဘဝကို အမြင့်ဆုံးရောက်တဲ့ထိ ဆက်လက် ကြိုးစားသွားပါမယ်ဆိုတဲ့ကတိ"
သွန်းခ မမမျက်နှာကို အံ့အားသင့်စွာငေးမောကြည့်နေမိသည်။ တချိန်က ရေခဲတုံးင်္ကြးဟု သူသတ်မှတ်ခဲ့သော မမဆီမှာ စေတနာ မေတ္တာအပြည့်ရှိနေပါရောလား၊ လူတယောက်ကို အထင်သေးနဲ့ အမြင်သေးနှင့် ရမ်းသမ်းစွပ်စွဲမိခဲ့သည့် မိမိကိုယ်ကို ရှက်ရွံ့ ယူကျုံးမရရင်း မမတောင်းသည့် ကတိကိုပေးဖြစ်ခဲ့လေသည် ။
"စိတ်ချပါမမ၊ မမလိုချင်တဲ့ကတိကို ကျတော်ပေးပါတယ်"
မမက သူ့မျက်နှာကို ကျေနပ်စွာ စိုက်ကြည့်သည်။ သည်လူငယ်လေးကို လမ်းမှန်ရောက်အောင် ပြုပြင်ပေးနိုင်ခဲ့ပြီမဟုတ်လား။
(၉)
"ကျော်စွာ ငါတကယ်ပြောနေတာကွ"
ကျော်စွာက သူ့အမူအရာကြည့်ရင်း ရယ်သည်။
"မင်းပြောတော့ ရေခဲတုန်းကြီးပါဆ်ု"
ကလိတိတိ အသံကို ကြားနေရပေမယ့် ကိုယ့်အပြစ်နှင့်ကိုယ်မို့ အောင့်သက်သက်ခံနေရသည်။
"အစတည်းက ငါပြောပါတယ်၊ မင်းမမငြိမ်ကို စိတ်ဝင်စားမယ်ဆိုတာကိုလေ၊ ကဲ..ငါပြောတာမမှန်ဘူးလား"
"ဟုတ်ပါပြီကွာ၊ မင်းပြောတာမှန်ပါတယ်။အဲဒါကြောင့်လည်း မင်းကို လာတိုင်ပင်ရတာပါ"
"ဒီလိုရှိတယ်ကွ၊ မိန်းကလေးတယောက်ကို မင်းဖက်က ချစ်မိနေတာ သိပ်သေချာနေရင်တော့ ဖွင့်ပြောသင့်တယ်၊ မိဘချင်းကလည်း ရင်းနီးပြီးသား၊ ပစ္စည်းဥစ္စာ၊ ပညာရည်အချင်းကလည်း နှစိဖက်လုံး ငြင်းစရာမလိုဘူး၊ မင်းသာ တကယ်ချဉ်းကပ်ရင် သူမငြင်းနိုင်လောက်ဘူးထင်တယ်"
သူငယ်ချင်းစကားကြောင့် အနည်းငယ် အားတက်သွားမိသည်။ ဖွင့်ပြောဖို့ဆုံးဖြတ်ချက်လည်း ပိုခိုင်မာလာသည်။
(၁၀)
"ကျွန်တော် မမကို ပြောစရာရှိတယ်"
ပိတောက်ပန်းတွေ ပင်လုံးကျွတ်မျှ ဝေဆာနေသော ပတ်ဝန်းကျင်တွင် ဝါဝင်းသော အသားအရေနှင့်လိုက်ဖက်စွာ အနီရောင် ဝတ်စုံကို ဆင်မြန်းထားသည့် မမငြိမ်ကို ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ ပိတောက်ငြိမ် သူ့ဖက်လှည့်လာသည်။
"ဘာကိစ္စလဲ"
"မမစိတ်မဆိုးဘူးဆိုမှပြောမှာ"
ကလေးတယောက်ပူဆာနေသလိုပြောတော့ ပါးချိုင့်တဖက်ပေါ်အောင် ငြင်သာစွာပြုံးပြသည်။ သူ့အပြုံးက ကြည်လင်အေးဆေးလှပေသည်။
"စိတ်ဆိုးစရာကိစ္စတခုလို့ မင်းဖက်က သေချာနေတဲ့သဘောလား"
သွန်းခခေါင်းငုံ့သွားသည်။
"ကျွန်တော်ပြောရင် မမစိတ်ဆိုးမှာ သေချာတယ်။ ဒါပေမယ့် ရင်ထဲမှာ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ ဖြစ်နေတာတာ ဘယ်လိုမှ မခံစားနိုင်တော့ဘူး"
မမမျက်နှာလေးချက်ချင်း တည်သွားသည်။
"မင်း မမကိုချစ်တယ်ပြောမလို့မလား"
"ဗျာ"
တည့်တိုးကြီးမေးချလိုက်တော့ ကတုန်ကယင်ကြီးဖြစ်သွားသည်။
"မင်းစကားပြောချင်တယ်လို့ ခေါ်ကတည်းက တွက်ပြီးသားပါ။ ဒီရောက်တော့ မင်းအမူအရာမြင်တော့ ပိုသေချာသွားတယ်"
သွန်းခစိတ်ထဲ မျှော်လင့်ချက်ရောင်ခြည်သန်းလာသလို။ ဒါဆို မမက သိသိကြီးနဲ့ လိုက်ခဲ့တာပေါ့။သူဘာပြောမလဲ ကြိုသိနေခဲ့တာပေါ့။ ထိုအတွေးနှင့်အားတက်သရောမေးမိသည်။
"ဟုတ်ပါတယ်၊ ဒါဆို မမသဘောကကော ဘယ်လိုလဲဟင်"
"ဘာကို ဘယ်လိုရရမှာလဲ၊ မင်းကို မောင်လေးတယောက်လိုပဲ သဘောထားတယ်လေ"
"ဗျာ"
ပါးစပ်အဟောင်းသားနှင့် သူ့အမူအရာကိုကြည့်ယင်း မမသက်ပြင်းကို လေးလေးကြီးချသည်။
"အမှန်ပြောရရင် ဒီလိုတွေဖြစ်လာနိုင်တာသိလ်ု့ အန်ကယ်ကို စာသင်ပေးဖို့ ငြင်းခဲ့တာပေါ့၊ ဒါပေမယ့် ဖေဖေတို့ကလည်း ကူညီလိုက်ပါလို့ တိုကိတွန်းတယ်လေ၊ ငါ ဘယ်လိုငြင်းရမှာလဲ"
မမက စိတ်မချမ်းမြေ့သလိုပြောသည်။
"ဒါဆို မမက ကျတော့်ကို မချစ်နိုင်ဖူးပေါ့၊ မစဉ်းစားနိုင်ဘူးပေါ့"
"ဘဝဆိုတာ အချစ်တခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ တနေ့မင်းနားလည်လာမှာပါ၊ တကယ်တော့ မင်းက တို့ကို သံယောဇဉ်တွယ်နေခဲ့တာပါ၊ အဲဒါက်ုပဲ အချစ်လို့ ထင်နေခဲ့တာလေ"
"ဟင့်အင်း မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ မမ ကျတော့ကို သက်သက်အထင်သေးတာ၊ ဒီမှာ.. ကျတော်မမက်ု သံယောဇဉ်တွယ်တာခဲ့တာဟုတ်တယ်၊ ဒါပေမယ့် အဲဒီသံယောဇဉ်က အချစ်အဖြစ်မပြောင်းလဲနိုင်ဖူးလား၊ ပြောင်းလဲလို့ မရတော့ဘူးလား၊ သေချာတခုက ကျတော် မမက်ုချစ်တယ်၊ အဲဒါကျတော့ဖက်က အသေချာဆုံးစကားပဲ"
"မင်းဖက်က သေချာသလို တို့ဖက်ကလည်း သေချာနေတဲ့စကားတခွန်းရှ်တယ်။ မင်းကို မောင်လေးတယောက်ဆိုတာထက် တ်ု့ခံစားလို့ရမှာမဟုတ်ဘူးဆိုတာပဲ"
သွန်းခ မမမျက်နှာကို မယုံကြည့်နိုင်စွာကြည့်ရင်း ရေရွတ်သည်။
"မမ သိပ်ရက်စက်တယ်ဗျာ"
တကြိမ်တခါမှ မကျဖူးသည့် မျက်ရည်တို့ ဘယ်ကရစ်ဝဲလာမှန်းမသိ။ မမပုံရိပ်က သူ့မျက်ဝန်းထဲ တဖြည်းဖြည်း ဝေဝါးသွားသည်။
(၁၁)
အချစ်ဆိုတာ ခါးသက်မှုသက်သက်တဲ့လား၊ အဲဒီခါးသက်မှုဟာ ဆေးခါးကြီးတခွက်ကို သောက်ရသလိုမျိုး ဖြစ်နိုင်လျှင်သူကတော့ အဲဒီဆေးခါးကိုပင် ပျော်ပျော်ကြီး သောက်ချင်လှပါသည်။သို့သော် အဲဒီဆေးခါးကြီးက သူ့နှလုံးသားဒဏ်ရာကို ကုစားခွင့်တော့ မပေးခဲ့ပါချေ။
"တောက်...မမက ငါ့အချစ်က်ု မယုံဘူးတဲ့ကွာ"
အံကိုတချက်ကြိတ်ရင်း ရေရွတ်တော့ ကျော်စွာက သူ့မျက်နှာကို စိတ်မကောင်းသလိုကြည့်သည်။
"အမှန်ပြောရရင် မင်းဖက်က မျှော်လင့်ချက် မရှိတော့ဘူး သွန်းခ"
"ဘာပြောတယ်ကွ...မင်းဘာပြောတယ်။ ဘာဖြစ်လို့မရှိနိုင်ရမှာလဲ၊ တနေ့သူငါ့အချစ်ကို ယုံကြည်လာမှာပါ"
ကျော်စွာက ခေါင်းကို ဖြေးညင်စွာခါသည်။
"မင်းမသိတာတခုရှိသေးတယ် သွန်းခ၊ မနေ့ကမှ ငါသိတာ၊ ငါအစ်ကိုဝမ်းကွဲက သူနဲ့တတန်းတည်း၊ သူ့အကြောင်းသိတယ်တဲ့။ သူက ကျောင်းကတည်းက နာမည်ကြီး၊ သူ့ကို ပရိုပို့စ်လုပ်ထားသူတွေအများကြီး၊ မကြာခင်ကမှ တယောက်ကို လက်ခံလိုက်ပြီတဲ့။အဲဒီတယောက်နဲ့ပဲ လက်ထပ်တော့မှာတဲ့။ နေပါဦး သူ့နာမည်က ခပ်ဆန်းဆန်းထဲကပါ။ ဪ မှတ်မိပြီ.. ကိုဗညားတဲ့"
မျှော်လင့်ချက်တွေနှင့်အစဉ်တောက်ပခဲ့သော မျက်ဝန်းအစုံက မီးစာကုန်ခမ်းတော့မည့် ဖယောငိးတိုင်ပမာ ဟုန်းကနဲ ငြိမ်းကျသွားပါသည်။ ဒါ..တကယ်ပဲလား။လက်ထပ်တော့မယ်ဆိုတာ တကယ်ပဲလား။
(၁၂)
မင်္ဂလာရက်သတ်မှတ်ပြီးပြီဟု ဖေဖေတို့ဆီမှ သတင်းစကားကြားကတည်းက ပျော်ရွင်မှုမှန်သမျှ ဆိတ်သုန်းခဲ့ရသည်။ ဘဝကို အချစ်တခုတည်းဆုံးဖြတ်လို့ မရဘူးဟု ပြုံးပြီးပြောစဉ်က တနေ့နေ့တချိန်ချိန် ပိုင်ဆိုင်ခွင့်ရအောင် ဆက်လက်ကြိုးစားဖို့ အားတင်းနိုင်ခဲ့ပေမယ့် မနက်ဖြန် လက်ထပ်ကြတော့မှာ ဆိုသည့် စကားတခွန်းက အဆိုပါမျှော်လင့်ချက် အားလုံးကို အဆုံးစွန်ထိ ရိုက်ချိုးပစ်ခဲ့သည်။ ဘဝက ဘာမှအဓိပ္ပါယ်မရှိတော့။ မရေရာတော့။နောက်ဆုံး ဘယ်တော့မှ မသွားဟု ယတိပြတ်ဆုံးဖြတ်ခဲ့သော အရက်ဆိုင်လေးဆီသို့ ခြေထောက်က အလိုလိုဥိးတည်သွားမိသည်။
(၁၃)
"ကောင်လေး တော်လောက်ပြီထင်တယ်"
သောက်နေကျဆိုင်ရှင်က လာတားပေမယ့် အခုချိန်မှာ သကြားမင်းဆငိးတားတောင် မရပ်ချင်တော့။
"ကျတော်မမူးသေးဘူး ဦးလေ၊ ဒီနေ့ လောကကြီးကို မေ့လောက်အောင်သောက်မယ်"
ပြောရင်း လေချဉ်တချက်တက်သည်။ ပြီးတော့ ဦးလေးမျက်နှာကို ရီဝေစွာကြည့်ရသည်။
"ကျတော် ဘာလို့အရက် သောက်နေလဲသိလား၊ ကျတော်မမ မနက်ဖြန်ဆို မင်္ဂလာဆောင်တော့မယ်ဗျ၊ ကျတော်မနက်ဖြန်ကြီးကို မမြင်ချင်ဘူး၊ မခံစားနိုင်ဘူး၊ မဖြတ်သန်းချင်ဘူး။ ဒါ့ကြောင့် သောက်တယ်ဗျာ"
ပြောရင်း သောက်လက်စလန်ကျန်ကို ယူမော့သောက်ပြန်သည်။ ဆိုင်ရှင်ဦးလေးက သူ့ပုံစံကြည့်ရင်း ခေါင်းခါသည်။ ထပိပြောလည်း ထူးမည်မထငိ၍ ထထွက်သွားသည်။ သွန်းခ ဂရုမစိုက်နိုင်။ဂရုမစိုက်အား။ လောလောဆယ် လောကကြီးနှင့်အဆက်ဖြတ်ဖို့သာ အရေးကြီးဆုံးဟု ထင်သည်။
(၁၄)
ပတ်ဝန်းကျင်တခုလုံး လည်ထွက်နေသည်။ သို့သော် ခန္ဓာကိုယ်ကိုတော့ မယိုင်လဲအောင် ထိန်းထားနိုင်ဆဲ။ မီးတိုင်အလင်းရောင်တွေက ခေါင်းပေါ်မှ ဖြတ်ပြေးနေသည်။ရှေ့နှစ်လမ်းကျော်ဆို အိမ်ရောက်တော့မည်။ ဆိုင်ရှင်က လိုက်ပို့ဖို့ပြောပေမယ့် သူက အပို့မခံခဲ့။ သည်အကွာအဝေး သည်နေရာက သူမျက်စိမှိတ်သွားတောင် သွားနိုင်သည့်နေရာမျိုး။ နောက်ပြီး ဖေဖေတို့ ရှေ့မှာ လူမသိသူမသိ မူးလို့ လိုက်ပို့တယ်ဆိုတာလည်း အဖြစ်မခံနိုင်။အကယ်၍ အရက်သောက်ကြောင်းသိလျှင် ဘာ့ကြောင့်သောက်လဲတွေ ဆက်မေးလာဦးမည်။ ခုချိန်မှာ ဒီအကြောင်းတွေ ဘာတခုမှ မဖြေချင်။ နောက်ပြီး ပိတောက်ကို ချစ်နေတာလည်း အိမ်ကို မသိစေချင်။ ထို့ကြောင့် ယိုင်တိယိုင်ထိုးနှင့်ပင် အိမ်ရောက်အောင် လျှောက်ပြန်ခဲ့သည်။
အိမ်မီးတိုင်ကို လှမ်းမြင်နေရပြီမို့ ခြေလှမ်းကို အလိုလိုသွက်လာသည်။ ယိုင်နဲ့နေသော ခြေလှမ်းများနှငိ့ လမ်းကိုဖြတ်ကူးစဉ် ရုတ်တရက် ဘေးမှ ကားမီးရောင်တချက် လက်ကနဲ ဖြာသွားပြီး ပြင်းထန်အားပါသော အရှိန်တခုက ခန္ဓာကိုယ်ကို ပြေးဝင်ဆောင့်သည်။ ပြင်းထန်သော နာကျင်မှုနှင့်အတူ လူတကိုယ်လူံး မြောက်တက်သွားပြီး ပြန်အကျမှတော့ အမှောင်ထုက ပိတ်ဖုံးသွားသည်။
(၁၅)
သတိရလာတော့ ရပ်ထားသောကားတစီးပေါ်တွင် သူလဲလျှောင်းနေသည်။ ထိုင်ရာက ထလိုက်တော့ နာကျငိမှုမှန်သမျှ မခံစားရတော့။ ဘေးဘီဝန်းကျင်ကို ကြည့်တော့ ကားတစီးပေါ်မှာမှန်း သတိပြုမိသည်။ သူကတော့ လူကောင်းပကတိ။ ထိုအချိန်သူ့ဘေးတွင် ကားတစီးဖြတ်သွားပြီး သူ့အိမ်ရှေ့တွင် ရပ်သွားသည်။ ကားပေါ်မှ ဆင်းလာသူကို အမှတ်တမဲ့ လှမ်းကြည့်တော့ ဘယ်တော့မှမမေ့နိုင်သည့် မျက်နှာလှလှကလေးကို လှမ်းမြင်လိုက်သည်။ မမငြိမ်၊ ပါးစပ်က အော်ခေါ်မိမတတ်ဖြစ်သွားသည်။
မမငြိမ်..သူဒီနေ့ မင်္ဂလာဆောင်ရမှာ မဟုတ်လား။ ဒါဆို သူမင်္ဂလာမဆောင်ဖြစ်ဖူးပေါ့။ သူချစ်သူနဲ့ လက်မထပ်ဖြစ်ဖူးပေါ့။ ထိုအတွေးနှင့်အတူ အပျော်တို့ ဝေစည်သွားသည်။ မမကို လှမ်းခေါ်မည်ပြုစဉ် ဖေဖေ အိမ်ထဲမှ အပြင်ထွက်လာတာ တွေ့သည်။ ဘေးတွင် လူနှစ်ယောက်ပါသည်။ လက်ထဲတွင် အသစ်ဆက်ဆက် ဓာတ်ပုံဘောင်တခုကိုင်ပြီး မမငြိမ်ကို ကြည့်နေသည်။ ဘာ့ကြောင့်မှန်းမသိ။ ဖေ့ဖေ့မျက်နှာမကောင်း။ မမပုံစံကလည်း မှုန်ရီနေပြန်သည်။ ထိုအချိန် မေမေကလည်း အိမ်အပြင်ထွက်လာပြီး မမငြိမ်ကို မြင်သည်နှင့် စိတ်မထိန်းနိုင်ဘဲ မျက်နှာအပ်ပြီး ငိုသည်။ မမငြိမ်ကရော ဘာထူးမှာတဲ့လဲ။ သူ့မျက်လုံးတွင်လည်း မျက်ရည်စတွေနှင့်။
ဘာဖြစ်နေကြတာလဲ။ ကြည့်ရတာ ဖေဖေက ငါခံစားနေရတာသိသွားလို့ သူ့သူငယ်ချင်းကို အသ်ပေးပြီး ချက်ချင်းစီစဉ်လိုက်တာဖြစ်မည်၊ မမကလည်း ငါ့ကို သနားလို့ သူ့ချစ်သူနဲ့ လက်မထပ်ဖြစ်ခဲ့တာပေါ့။ အမြဲမျှော်လင့်တောင့်တခဲ့ရသော အိပ်မက်တခု တကယ်ဖြစ်လာမယ်ဆိုတော့ လူကမြောက်တက်ချင်သလိုလို။ ဒါဆို မေမေကရော ဘာကိစ္စငိုနေရတာလဲ။ ပျော်လို့မှတပါး တခြားမဖြစိနိုင်။ တဦးတည်းသော သားလေး မင်္ဂလာဆောင်မည်ဆိုတော့ သူလည်း ဝမ်းသာဝမ်းနည်း ခံစားရရှာမပေါ့။
သို့သော် ထိုအတွေးစတ်ု့မှာ ဖေ့ဖေ့လက်တွင် ကိုင်ထားသော ဓာတ်ပုံဘောင်လေးကို လှမ်းမြင်လိုက်ရသည်နှင့် တုန့်ကနဲ ရပ်တန့်သွားရသည်။
"မောင်သွန်းခ
"အသက် ၂၃ နှစ်"တဲ့။
ဘုရား...ဘုရား။ဒါငါ့ဓာတ်ပုံလေးပါလား။ ဖေ့ဖေ့လက်ထဲကိုင်ထားတာ ငါ့ဓာတ်ပုံအသစ်စက်စက်ကလေးဖြစ်နေပါရော့လား။ သူဘာကိစ္စ ငါ့ပုံကို ကိုင်ထားတာလဲ။ နောက်ပြီး မေမေကလည်း င်ုနေပြန်သည်။ ပြီးတော့ မမငြိမ်။ အရာအားလုံးကိုငေးကြည့်ရင်း တစုံတခုကို တွေးမိပြီး ကိုယ်လက်ကိုယ် ပြန်ငုံ့ကြည့်မိသည်။ တဆက်တည်းမှာပင် သူကားတိုက်ခံရတုန်းက အဝတ်အစားမဟုတ်တော့ဘဲ အသစ်စက်စက် ဝတ်စုံအဖြူဝတ်ထားတာ သတိပြုမိလိုက်သည်။ အခြေအနေတခုကို သူလက်ခံလိုက်ရပါပြီ။
(၁၆)
ပိတောက်ပင်အောက်က ခုံတန်းလေးပေါ်တွင် မိန်းကလေးတယောက် ငိုနေသည်။ ဘေးတွင် သက်လက်အရွယ် ယောကျာ်းတယောက်လည်း ရှိနေသည်။ ယောကျာ်းဖြစ်သူက မိန်းကလေးပခုံးကို ဖတ်ပြီး အားပေးစကားပြောနေသည်။ ထိုအချင်းအရာကို မျက်ရည်တွေဝဲရင်း ငေးမောကြည့်နေသည့် လူငယ်လေးတယောက်လည်း ရှ်နေပါသေးသည်။ သို့သော် ထိုလူငယ်လေးကိုကား သူတို့တသက် ဘယ်တော့မှ မြင်တွ့နိုင်လိမ့်မည် မဟုတ်ချေ။
ဒေါက်တာ အေးမင်းထူး
(ရောင်နီသစ်)
No comments:
Post a Comment