တခါက မြို့လေးတမြို့မှာ သားအဖနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ တဦးနဲ့တဦး သိပ်ချစ်ကြပါတယ်။ ခက်တာက စားဝတ်နေရေးအတွက် ဖခင်ဖြစ်သူက အလုပ်ထွက်လုပ်ရပြီး နောက်ကျမှ အိမ်ပြန်လာတတ်တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာခဲ့တယ်။ သားဖြစ်သူကတော့ ဖခင်ဖြစ်သူ ပြန်လာမယ့် အိမ်ပေါက်ဝက အမြဲထိုင်စောင့်နေခဲ့ရတာပေါ့။ တနေ့မှာတော့ ညမိုးချုပ်မှ အိမ်ပြန်လာတဲ့ ဖခင်ဖြစ်သူကို အသက်ရှစ်နှစ်သာ ရှိသေးတဲ့ သားငယ်က မေးခွန်းတခုမေးတယ်။
"အင်း...ပင်တော့ ပင်ပန်းတာပေါ့ကွာ"
"ဖေဖေ့ စိတ်မဆိုးရင် သားတခုလောက်မေးပါရစေနော်၊ဖေဖေ တနေ့ကို ဒေါ်လာဘယ်လောက်ရလဲဟင်"
အရင်က ဒီလိုတခါမှမမေးဘူးတဲ့ အသက်(၈)နှစ်အရွယ် သားဖြစ်သူကိုကြည့်ရင်း အံ့အားသင့်သွားတယ်။ စိတ်ထဲမှာတော့ ကလေးတန်မဲ့ဒါမျိုးမေးစရာလား။ နောက်တော့ မုန့်ဖိုးလိုနေပြီဟု တွေးပြီး စိတ်တိုသွားတယ်။ သူ့မှာတော့ နေ့စဉ်နဲ့အမျှ အလုပ်လုပ်ရ၊ နောက်ကျမှအိမ်ပြန်ရတယ်။ ဒီနေ့မှထူးထူခြားခြားမေးတယ်ဆိုတော့ ပိုက်ဆံတောင်းမလို့နေမှာဟု တွေးလိုကိမိတယ်။ မျက်မှောင်တချက်ကုပ်ပြီး...
"တရက်ကို ဒေါ်လာ ၁၀၀ ရတယ်လေ၊ ဘာလဲ၊ မင်းမုန့်ဖိုး လိုနေလို့လား"
သားမျက်နှာအောက်ငုံ့သွားသည်။
"ဟုတ်ပါတယ်။ သားဝယ်ချင်တာလေးရှိလို့။ ပိုက်ဆံနည်းနည်းလိုနေလို့ပါ"
"နေပါဦး မင်းက ဘယ်လောက်လိုနေလို့လဲ"
သားဖြစ်သူက ဖခင်မျက်နှာကို မဝံ့မရဲလှမ်းကြည့်ရင်း "၅ဒေါ်လာလောက်လိုနေတာပါ၊ သားကို အဲဒီငွေလေး ခဏ ပေးပါလားဟင်၊ နောက်ရက်သားမုန့်ဖိုးထဲက ဖြတ်ချင်ဖြတ်ပါ"ဟုပြောသည်။ ဖခင်ဖြစိသူ တော်တော် စိတ်ဆိုးသွားသည်။ နေ့လည်ကလည်း အလုပ်မှာသိပ်အဆင်မပြေ၊ ဒီကြားထဲ ဒီကလေးက အလိုက်ကန်းဆိုးမသိ မုန့်ဖိုးတောင်းဆိုတော့ ဒေါသထွက်လာသည်။
"မင်းတော်တော်အသုံးမကျတဲ့ကောင်ပဲ၊ မင်းကို နေ့တိုင်းမုန့်ဖိုးပေးနေတာတောင် မလောက်သေးဘူးလား၊ သွားစမ်း...မင်း အခုချက်ချင်း ငါ့အနားက ထွက်သွားစမ်း"
အော်ငေါက်လိုက်တော့ သားဖြစ်သူက မျက်ရည်တွေဝဲရင်း ဖခင်သူကိုကြည့်လိုက်သည်။ နောက်တော့ ဘာမှမပြောတော့ဘဲ အခန်းထဲ တိတ်တဆိတ်ဝင်သွားသည်။ နာရီဝက်လောက်ကြာတော့ စောစောက သားဖြစ်သူအပေါ် ပြောလိုက်သော စကားတို့အတွက် နောင်တရသွားသည်။ သူ့မှာ ဒီသားလေးတယောက်ပဲ ရှိတာမဟုတ်လား။ နောက်တော့ စိတ်ပြောင်းသွားရင်း သားဖြစ်သူ အခန်းတံခါးကို ခေါက်ရင်း...
"သား တံခါးဖွင့်ပါဦး၊ ဖေဖေ့ကို စိတ်ဆိုးသွားလို့လား"
ခဏနေတော့ သားဖြစ်သူက အခန်းတံခါးကိုဖွင့်လိုက်သည်။သူမျက်လုံးတွင် ကျိတ်၍ ငိုရှိုက်ထားဟန် မျက်လုံးတွေရဲနေသည်။ ဖခင်ဖြစ်သူလည်း စိတ်မကောင်းဖြစ်သွားပြီး သူ့အိတ်ကပ်ထဲက ငွေစက္ကူတရွက် ယူလိုက်ပြီး "ရော့ ဒီမှာ သားလိုချင်တဲ့ ငါးဒေါ်လာ၊ မငိုနဲ့တော့နော်"ဟု ဆိုကာ ပေးလိုက်သည်။ သားဖြစ်သူက ဒေါ်လာကို ကြည့်ရင်း အခန်းထဲ အပြေးဝင်သွားသည်။ နောက်တော့ ခေါင်းအုံးအောက် စုထားသော ငွေစက္ကူအချို့ကို ယူပြီး ဖခင်ဖြစ်သူထံလျွှောက်လာသည်။ သူ့လက်ထဲ ကိုင်ထားသော ဒေါ်လာရွက်တွေမြင်တော့ ဖခင်ဖြစ်သူ ဒေါ်သထွက်လာသည်။
"နေစမ်းပါဦး၊ မင်းမှာ စုထားတာတွေ ရှိရဲ့သားနဲ့ ဘာလို့ထပ်တောင်းရတာလဲ၊မင်းတော်တော်လောဘကြီးပါလား"
သားဖြစိသူက ဖခင်ဖြစ်သူကို မဝံ့မရဲလှမ်းကြည့်ရင်း သူ့လက်ထဲ ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသော ငွေစက္ကူတွေကို ပေးလိုက်သည်။
"ဒါ ဖေဖေပေးတဲ့မုန်းဖိုးတွေ အကုန်ပါ။ သား အရင်ကတည်းက စုထားခဲ့တာ ၉၅ဒေါ်လာ ရှိပြီလေ။ အခုဖေဖေပေးတာနဲ့ဆို ၁၀၀ ပြည့်ပြီ။ ဖေဖေမနက်ဖြန် အလုပ်မသွားနဲ့တော့နော်၊ အိမ်မှာပဲ အေးအေးဆေးဆေးအနားယူပြီး သားအနားမှနေပေးပါ။ သား ဖေဖေ့ကို ထမင်းချက်ကျွေးမယ်၊ နောက်ပြီး သားတို့ အတူထမင်းစားကြမယ်လေနော်"
ဖခင်ဖြစ်သူ ဝမ်းနညိးကြေကွဲစွာနှင့် သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်စတွေ ရစ်ဝဲလာသည်။ နောက်တော့ သားဖြစ်သူကို တငိးကျပ်စွာ ပွေ့ဖက်လိုက်မိသည်။ သားကလည်းဖခင်ကို ပြန်လည်ပွေ့ဖက်ရင်း စကားတခွန်းပြောသည်။
"သား ဖေဖေပေးတဲ့မုန့်ဖိုးတွေကို ဘယ်တုန်းကမှမသုံးဖြစ်ခဲ့ပါဘူး ဖေဖေရယ်၊ အဲဒီမုန့်ဖိုးတွေက ဖေဖေ့နဲ့ အတူနေရဖို့ အခွင့်အရေးလေးဖြစ်နေလို့ပါ"
ဒေါက်တာ အေးမင်းထူး
၁၂.၅.၁၆
No comments:
Post a Comment