Monday, May 9, 2016

ပျော်ရွှင်မှုကို ရှာဖွေနည်း



ပျော်ရွှင်မှုကို ရယူခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲတခုလုပ်ခဲ့ပါတယ်။ ခေါင်းစဉ်ကြောင့်  ဆွေးနွေးပွဲကို လူအယောက် (၁၀၀)နီးပါးခန့် စိတ်ဝင်တစား တက်ရောက်ခဲ့ကြပါတယ်။အဆိုပါနှီးနှောဖလှယ်ပွဲမှာ ဦးဆောင်ဆွေးနွေးသူက နာမည်ကြီးတယောက်ပါ။ သူက ဆယ်မိနစ်ခန့် စကားပြောပြီးတာနဲ့ ဆွေးနွေးပွဲကို ခဏရပ်ပြီး တက်ရောက်လာသူအားလုံးကို ဘောလုံးတလုံးစီ လိုက်ဝေခိုင်းသတဲ့။ နောက်တော့ ဘောလုံးပေါ်မှာ မိမိနာမည်ကို ကိုယ်စီရေးခိုင်းပြီး အကုန်လုံးကို ခြင်းတလုံးထဲ စုပြီး ပြန်ထည့်ခိုင်းပြန်တယ်။ တက်ရောက်လာသူတွေလည်း နားမလည်ပေမယ့် သူခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့။ ဘာ့ကြောင့်လဲဆိုတော့ ပျော်ရွှင်မှုကို လိုလားကြတာကိုး။


ထည့်ပြီးမကြာပါဘူး။ဦးဆောင် ဆွေးနွေးသူက စောစောကစုထည့်ထားတဲ့ ခြင်းတောင်းထဲက မိမိနာမည်ပါတဲ့ ဘောလုံးကို ငါးမိနစ်အတွင်း ပြန်ရှာဖို့ စေခိုင်းပြန်တယ်။ ပျော်ရွှင်ခြင်းကို ရှာဖွေချင်လို့ ရောက်လာတဲ့ လူတွေလည်း ခိုင်းတဲ့အတိုင်း မိမိနာမည်ပါတဲ့ဘောလုံးကိုရှာဖွေရပြန်တာပေါ့။ ရယူချင်ဇောနဲ့ တိုးဝှေ့ရှာဖွေတဲ့အခါ စောစောက ငြိမ်သက်နေတဲ့ အခန်းတခုလုံး ဆူညံသွားပြီး ရှုပ်ရှက်ခပ်သွားတယ်။ ဘယ်လောက် အလုအယက်ရှာဖွေပေမယ့် အတန်ကြာသည်ထိ တဦးတယောက်မျှ ကိုယ့်နာမည်ပါတဲ့ ဘောလုံးကို ရှာမတွေ့ခဲ့ကြပါဘူး။အချိန်ငါးမိနစ်ကတော့ ပြည့်သွားပါပြီ။ 

အဲဒီအခါမှ ဦးဆောင်ဆွေးနွေးသူက အားလုံးကို တချက်ပြုံးပြီး ဒီလိုအကြံပေးတယ်။ 

"ကဲ..ခင်ဗျားတို့ ရှာလို့မတွေ့ဘူးမဟုတ်လား၊ ဒီတခါ နောက်တမျိုးစမ်းကြည့်ရအောင်၊ ကိုယ်ကြိုက်တဲ့ ဘောလုံးတယောက်တလုံးစီ ကောက်ယူလိုက်စမ်းပါ၊ ပြီးရင် ရတဲ့ဘောလုံးကို နာမည်အော်ပြီး ပိုင်ရှင်ဆီပြန်ပေးကြည့်ပါလား" လို့အော်ပြောတယ်။ 

သူ့စကားက အတော်ထိရောက်ပါတယ်။ စောစောက အလုအယက်ရှာဖွေပေမယ့် မတွေ့ခဲ့တယ်ဘောလုံးတွေဟာ မိနစ်ပိုင်းအတွင်းပိုင်ရှင်အသီးသီးဆီ ပြန်ရောက်သွားပါတယ်။ ဒီတော့မှ ဆွေးနွေးသူက သူ့စကားသူပြန်ဆက်တယ်။

" ပျော်ရွှင်မှုဆိုတာအဲဒါပါပဲ။ လူတွေဟာ ပျော်ရွှင်မှုကိုလိုလားကြတယ်။ မျှော်လင့်ကြတယ်။ တောင့်တကြတယ်။ ဒါပေမယ့် မတွေ့ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်နားနေမှန်းမသိတဲ့ ပျော်ရွှင်ခြင်းကို အခုခင်ဗျားတို့ ခြင်းတောင်းထဲ အလုအယက်ရှာသလို တိုးဝှေ့ရှာနေကြလို့ မတွေ့ကြတာပါ။ ဒီထဲမှာ အတ္တတွေ၊မာနတွေ၊လိုချင်တဲ့ဇောတွေပါနေပါတယ်။ တကယ့်ပျော်ရွှင်မှုအစစ်အမှန်က တပါးသူအပေါ်ထားတဲ့ ကိုယ့်ရဲ့စေတနာအပေါ်မှာသာ မူတည်ပါတယ်၊ အခုသင်ရတဲ့အရာလေးတခုက်ု သူတို့ဆီခွဲဝေပေးလိုက်ပါ။ ပျော်ရွှင်မှုက သင့်ထံ အလိုလိုပြန်ရာက်လာပါလိမ့်မယ်။ ဒီဥပမာလေးကို သင်ခန်းစာယူပြီး ဘဝမှာ ကျင့်သုံးနိုင်မယ်ဆိုရင် ခင်ဗျားတို့လည်း ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ"

အခန်းထဲမှာ လက်ခုပ်သံတွေဟိန်းထွက်လာတယ်။ အခုတော့ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီမို့ အားလုံးမျက်နှာက အပြုံးပန်းကိုယ်စီနဲ့ တောက်ပနေကြပါတယ်။

ဒေါက်တာ အေးမင်းထူး
၆.၅.၁၆

No comments:

Post a Comment