အတန်းထဲတွင် စိတ်ပညာရှင်တယောက် စာသင်ကြားနေသည်။ တပည့်အားလုံးက သူသင်ကြားသမျှကို စိတ်ဝင်တစားနားထောင်နေကြသည်။ ထိုစဉ် စိတ်ပညာရှင်က ရုတ်တရက် စားပွဲပေါ်တင်ထားသော ဖန်ခွက်တခွက်ကို လှမ်းယူလိုက်သည်။ ဖန်ခွက်ထဲတွင် ရေတဝက်ဖြည့်ထားသည်။ အားလုံး၏ စိတ်ထဲတွင် သမာရိုးကျမေးခွန်းဖြစ်သည့် ဖန်ခွက်ထဲမှာ ရေတဝက်ပြည့်တာလား၊ ရေတဝက်လျှော့နေတာလားဟု မေးမည် ထင်မှတ်ထားကြပေမယ့် စိတ်ပညာရှင်ကတော့ ခပ်ရိုးရိုးမေးခွန်းတခုသာမေးခဲ့သည်။
"၈အောင်စလောက်ရှိမယ်ထင်တယ် ဆရာ"
"၁၀အောင်စထက်တော့မနည်းလောက်ဘူး"
"၁၅အောင်စလောက်နေမှာပေါ့"
"သေချာတာတော့ ၂၀အောင်စထက်မကျော်ပါဘူးဆရာ"
အတန်းသားများထံမှ အဖြေတွေ တယောက်တမျိုး ထွက်ပေါ်လာသည်။ စိတ်ပညာရှင်ကတော့ ငြိမ်သက်စွာ နားထောင်ရင်း ပြုံးနေသည်။ အားလုံးဖြေပြီးတော့ ဆရာက ခေါင်းကို ဖြေးညှင်းစွာခါပြသည်။
"တကယ်တော့ ဖန်ခွက်အလေးချိန် ဘယ်လောက်လဲဆိုတာ အရေးမကြီးပါဘူး၊ ဖန်ခွက်ကို မင်းဘယ်လောက်ကြာကြာကိုင်ထားလဲဆိုတာက ပိုအရေးကြီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖန်ခွက်ရဲ့အလေးချိန်က ပြောင်းမှ မပြောင်းလဲတာ၊ ကိုင်ထားတဲ့ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားတာလေ။ ဖန်ခွက်ကို မင်း တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုကြပါစို့။ ပြဿနာမရှိသေးဘူး၊ သိပ်မှမလေးတာ၊ ဒါပေမယ့် တနာရီလောက်ကိုင်ထားရင်တော့ မင်းလက်တွေ ကိုက်ခဲလာမယ်။ နာကျင်လာမယ်။ အဲဒီထိ ရသေးတယ်။ အကယ်၍ ဒီခွက်ကို မင်းတရက်လုံးလုံး၊တစ်လလုံးလုံး၊ တနှစ်လုံးလုံး မချဘဲ ကိုင်ထားမယ်ဆိုရင်တော့ မင်းအတွက် ပြဿနာရှိလာပြီ။ လက်တွေ ထုံကျဉ်ရုံမက ကြာလာရင် အကြောပါသေသွားလိမ့်မယ်"
စိတ်ပညာရှင်ကြီးက အတန်းသားတွေကို ဝှေ့ကြည့်လိုက်သည်။
"လူ့ဘဝဆိုတာလည်း ဒီလိုပဲ ငါ့တပည့်။ မင်းတို့ဘဝမှာ စိတိဖိစီးမှုတွေ ၊ဝမ်းနည်းမှုတွေ၊ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ်ကြုံတွေ့ရလိမ့်မယ်။ ဝမ်းနည်းကြေကွဲမှုဆိုတာ တကယ်တော့ ဖန်ခွက်လေးနဲ့တူတယ်။ သူ့ကို မလေးဘူးထင်ပြီး ကြာကြာကိုင်မထားမိစေနဲ့။ ကြာကြာထားလေ မင်းအတွက် ပိုနာကျင်ရလေပဲ။ ဒါ့ကြောင့် ဘဝမှာ ဘယ်လို ဝမ်းနည်းကြေကွဲမှုမျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ ဟောဒီဖန်ခွက်ကိုင်သလို အချိန်ပိုင်းလောက်သာ ခံစားလိုက်ပါ။ နောက်ဆုံး မခံစားနိုင်တော့ဘူးထင်ရင်တော့ ဖန်ခွက်လေးကို လွှတ်ချလိုက်ပါ ၊ မင်းစိတ်တွေ အလိုလို ငြိမ်းချမ်းသွားပါလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
၇.၅.၁၆
No comments:
Post a Comment