Tuesday, May 10, 2016

ပိုင်ဆိုင်ခြင်းမဲ့မေတ္တာ


တခါက တောရွာတရွာမှာ လင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့လင်မယားဟာ အင်မတန်ဆင်းရဲကြပေမယ့် တယောက်နဲ့တယောက် သိပ်ချစ်ကြသတဲ့။ ယောကျာ်းဖြစ်သူမှာ နာရီလေးတလုံးရှိတယ်။ အဲဒီနာရီလေးက သူ့ဖခင်ပေးသွားတဲ့တခုတည်းသော အမွေလေးပါ။ ဒါပေမယ့် နာရီလေးက ပျက်နေတာကြောင့် နာရီပြင်ဖို့ ပိုက်ဆံစုနေခဲ့တာ လအတော်ကြာနေခဲ့ပြီ။ တရက်မှာတော့ ယောကျာ်းဖြစ်သူကို ဘီးလေးဝယ်ပေးဖို့ ဇနီးဖြစ်သူက ပူဆာပါသတဲ့။ အိမ်ထောင်ကျပြီးကတည်းက တမြတ်တနိုးထားခဲ့တဲ့ ဆံနွယ်တွေကို ထိန်းသိမ်းပြုပြင်ဖို့ သူ့မှာ ဘီးလေးတောင်မရှိရှာဘူးလေ။ ခက်တာက ယောကျာ်းဖြစ်သူက ဝယ်ပေးချင်ပေမယ့် သူ့မှာရှိတဲ့ နာရီပျက်လေး ပြင်ဖို့တောင် ပိုက်ဆံစုနေတာ မရသေးဘူးလေ။ အဲဒီအကြောငိးရှင်းပြတော့ ဇနီးဖြစ်သူက စိတ်မကောင်းဖြစ်မိပေမယ့် အတင်းမပူဆာတော့ဘူးတဲ့။ သူကလည်း သူ့ယောကျာ်းကို သိပ်ချစ်ခဲ့တာကိုး။ ဒါပေမယ့် ယောကျာ်းဖြစ်သူကတော့ သူ့နာရီလေးပြင်ပြီးတာနဲ့ မိန်းမအတွက် ဘီးဝယ်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။ 


တပတ်လောက်ကြာတော့ မြို့ဈေးကို ပစ္စည်းတွေ သွားရောင်းရင်း ငွေပိုငွေလျှံလေးတွေ ရလာခဲ့ပါတယ်။ အဲဒီငွေက သူ့နာရီပျက်လေးပြင်ဖို့တော့ လုံလောက်တဲ့ငွေပမာဏပါ။ သူလည်းပျော်ရွှင်သွားပြီး နာရီဆိုင်ကို အပြေးလာခဲ့သတဲ့။ လက်ထဲမှာတော့ နာရီအစုတ်ကလေးကိုကိုင်လို့ပေါ့။ ဒီလိုနဲ့ နာရီဆိုင်ထဲဝင်မယ်လုပ်တော့ ဘေးမှာဆိုင်တဆိုင်ကို လှမ်းမြင်လိုက်တယ်။ ဆိုင်ထဲမှာ အလုအယက် ဘီးဝယ်နေတဲ့ မိန်းကလေးတွေကို ကြည့်ရင်း သူ့မိန်းမကို ပြန်သတိရလာတယ်။ ဆိုင်ထဲဝင်ပြီး ဈေးမေးကြည့်တော့ သူရလာတဲ့ငွေနဲ့ မလောက်ဘူးဆိုတာ သိသွားတယ်။ နောက်တော့ သူကိုင်လာတဲ့ နာရီလေးကို ငေးစိုက်ကြည့်ရင်း တွေဝေသွားတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တခုကို ချပြီး နာရီပြင်ဆိုင်ထဲဝင်လာခဲ့တယ်။ ဆိုင်ထဲက ပြန်ထွက်လာတော့ သူလက်ထဲ နာရီဟောင်းလေး ပါမလာတော့ဘဲ ပိုက်ဆံအချို့ပါလာပါတယ်။  အမှန်တော့ သူ့နာရီကို ဈေးပေါပေါနဲ့ ရောင်းချပြီး ဘီးဝယ်ဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ 

အပြန်လမ်းမှာတော့ သူ့မျက်နှာက ပြုံးရွှင်နေခဲ့တယ်။ သူလိုချင်တဲ့နာရီလေးမပြင်ခဲ့ပေမယ့်  သူ့မိန်းမအတွက် ဘီးလေးရခဲ့ပြီမို့ သူကျေနပ်နေပါတယ်။ အိမ်ပြန်ရောက်ရောက်ချင်း မိန်းမဖြစ်သူကို ဝမ်းသာအားရလှမ်းခေါ်လိုက်တယ်။ 

"ညီမရေ မင်းလိုချင်တဲ့ ဘီးလေး ဝယ်လာခဲ့ပြီဟေ့"

အိမ်ထဲက ပြေးထွက်လာတဲ့မိန်းမဖြစ်သူကိုမြင်တော့ သူပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။  အပျိုအရွယ်ကတည်းက တမြတ်တနိုး ထိန်းသိမ်းခဲ့တဲ့ ဆံနွယ်ရှည်တွေမရှိတော့ပဲ  ဆံပင်တိုလေးနဲ့ ဖြစ်နေတာကိုး။ ဒါပေမယ့် သူ့လက်ထဲမှာတော့ အသစ်စက်စက်နာရီတလုံး ကိုင်ထားပါတယ်။ အမှန်တော့ သူတသက်လုံး တန်ဖိုးထားခဲ့တဲ့ ဆံပင်ရှည်တွေကို ရောင်းချပြီး သူ့ယောကျာ်းအတွက် လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

"ရော့...အစ်ကို အရမ်းပတ်ချင်တဲ့ နာရီလေး"

ယောကျာ်းဖြစ်သူက နာရီလေးကို တွေတွေကြီးစိုက်ကြည့်ရင်း သူ့လက်ထဲက ဘီးလေးကို ကမ်းပေးလိုက်တယ်။ သူဝယ်လာတဲ့ ဘီးကိုကြည့်ရင်း မိန်းမဖြစ်သူ မျက်ဝန်းမှ မျက်ရည်တွေ တွင်တွင်စီးကျလာပါတယ်။ နောက်တော့ တဦးမျက်နှာ တဦး မြတ်နိုးစွာကြည့်ရင်း တင်းတင်းကျပ် ပွေ့ဖက်ထားလိုက်ပါတယ်။ လောကကြီးမှာ ပေးဆပ်ခြင်းက ရယူခြင်းထက် လက်တွေ့မှာ အဆပေါင်းများစွာ ပီတိဖြစ်စရာကောင်းတာ သူတို့ခံစားလိုက်မိပြီလေ။ ပတ်ဝန်းကျင်တခုလုံးကတော့ မေတ္တာဓာတ်ကြောင့် အေးချမ်းနေပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၀.၅.၁၆

( လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းဖြစ်သည့် "poke ဖူးစာ" ဝတ္တုတိုအား မကြာမှီတင်ပေးပါမည်)

No comments:

Post a Comment